ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂)ရပ်ကွက်၊ ငြိမ်းချမ်းစိမ်းလန်းစာကြည့်တိုက်တွင် တိုင်းဒေသကြီးစာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ စာအုပ်စာစောင်များနှင့် အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှလှူဒါန်းသော သုတ/ရသ စာအုပ်စာစောင် ၅၀ အားလည်းကောင်း၊ စာပေအနုပညာယဉ်ကျေးမှု ပြည်သူ့နီတိ နိုင်ငံသားကောင်းဖြစ်မှုကော်မတီ၊ လူငယ်စင်တာမှ အတွင်းရေးမှူး ဒေါ်ခင်ချိုခက်မှ လှူဒါန်းသော အလှူငွေ ၅ သိန်းကျပ်အားလည်းကောင်း၊ OHIO Myanmar International Co.Ltd Founder & CEO ဒေါ်သူဇာဝင်းမှလှူဒါန်းသော အလှူငွေ ၅ သိန်းကျပ်အားလည်းကောင်း၊ အလှူရှင်အသီးသီးမှလှူဒါန်းသော စာအုပ်၊ စာစောင်များအား ငြိမ်းချမ်းစိမ်းလန်းစာကြည့်တိုက်မှ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက အမှတ် ၉၄ ရပ်ကွက်အတွင်း အိမ်ရာစီမံခန့်ခွဲရေးကော်မတီ၏ မတည်ရန်ပုံငွေဖြင့် ဆောက်လုပ်ထားသော အသစ်ဖွင့်လှစ်မည့် ယုဇနအလင်းစာကြည့်တိုက်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးပညာဒါနသင်တန်းခန်းမတို့အား လှည့်လည်ကြည့်ရှု၍ စာကြည့်တိုက်ဖွင့်ပွဲဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်နှင့် အိမ်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇင်တို့က စာကြည့်တိုက်ဖွင့်လှစ်မည့်အစီအစဉ်များနှင့် စံညီစာကြည့်တိုက်အဖြစ်ဆောင်ရွက်မည့် အစီအစဉ်များ သင်တန်းများဖွင့်လှစ်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)