မချမ်းဘော၌ မဲဆန္ဒရှင် လူဦးရေစာရင်းများအား ပြည်သူများ စိတ်ဝင်တစားလာရောက်ကြည့်ရှု

မချမ်းဘော စက်တင်ဘာ   ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အထွေထွေရွေးကောက်ပွဲတွင်အသက်၁၈နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိူင်ခွင့်ရှိစေရန် ရည်ရွယ်၍မချမ်းဘော မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက် ၆ နာရီမှစ၍ တပြိုင်နက်တည်း ထုတ်ပြန်ကြေညာထားရာ ဒေသခံပြည်သူများ မဲဆန္ဒရှင်စာရင်းများကို စိတ်ဝင်တစားလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းထုတ်ပြန်ထားရာနေရာသို့ ဒေသခံမဲဆန္ဒရှင်ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများက စိတ်ဝင်တစားလာရောက် ကြည့်ရှုလျက်ရှိရာ ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများသည် ထပ်တိုးမဲစာ ရင်းပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်များ၏ အချက်အလက်များပြင်ဆင်လိုပါက ပုံစံ(၄-ဂ) ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်  စပ်လျဥ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့်လည်းကောင်း ဖြည့်စွက်၍ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများတွင်မဲစာရင်း ထုတ်ပြန်ကြေညာသည့် စက်တင်ဘာ၃၀ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်အထိရက်ပေါင်း၁၄ရက် အတွင်းပြင်ဆင်လျှောက် ထားနိုင်ကြောင်း

အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ပါ ဆန္ဒမဲပေးပုံနည်းစနစ်များကို ရှင်းလင်းခြင်းများဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ရာနေရာများသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု စစ်ဆေးလျက်ရှိကြောင်းသိရသည်။

မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်သူများအခက်အခဲမရှိ ဆန္ဒမဲပေးနိုင် စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုနည်းသင်တန်း များဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ကိုင်တွယ်အသုံးပြုပုံများကို လက်တွေ့ သရုပ်ပြခြင်း အစမ်းလေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး စက်တင်ဘာ၃၀ရက် ကြေညာသောမဲစာရင်းများအရ မချမ်းဘောမြို့နယ်တွင် မဲဆန္ဒရှင်လူဦးရေ ၆၀၀၀ ကျော်ရှိကြောင်းသိရသည်။

ယောရွှေနီ (မချမ်းဘော)