ပူတာအိုခရိုင်၌ မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးရုံးများတွင် မဲစာရင်းများ ပထမအကြိမ်ထုတ်ပြန်ကြေငြာမှုများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ပူတာအို    စက်တင်ဘာ  ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် စာရင်းအားပထမအကြိမ်ထုတ်ပြန်ကြေငြာထားရှိမှုများကို စက်တင်ဘာ(၃၀)ရက် နံနက်(၁၀)ကကွင်းဆင်းစစ်ဆေးသည်။

ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးမြို့နယ်များတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး(၇၈)ရုံး၌ တစ်ပြိုင်တည်းထုတ်ပြန်ကြေငြာထားခြင်းဖြစ်သည်။ ပူတာအိုခရိုင်ရှိ မြို့နယ်များမှ မဲရုံပေါင်း(၁၂၂)ရုံရှိပြီး မဲဆန္ဒရှင်(၅၈၁၇၆)ဦး ရှိသည့်အနက် တိုင်းရင်းသားမဲဆန္ဒရှင် (၅၂၅၉၃)ဦးစာရင်းများအား စက်တင်ဘာ (၃၀)ရက်မှ အောက်တိုဘာ(၁၃)ရက်နေ့အထိ ထုတ်ပြန်ကြေငြာသွား မည်ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းထုတ်ပြန်ကြေငြာထားရှိမှုများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)