မြစ်ကြီးနား စက်တင်ဘာ ၃၀
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ဖွင့်လှစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲက အဆိုပါဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက ကချင်ပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မိမိတို့ဒေသနှင့် ကိုက်ညီသည့် ဒေသထွက်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက လွန်စွာအကျိုးရှိမည်ဖြစ်ပြီး သင်ယူတက်မြောက်ထားသည့် နည်းပညာရပ်များအား လက်တွေ့အသုံးချ၍ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းမှ အမျိုးသမီးများအတွက် ဖွင့်လှစ်ပေးသွားမည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း စတင်အကောင်အထည်ဖော်နိုင်ရေး သင်တန်းသား/ သင်တန်းသူများထံ ကုန်ကြမ်းပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော လုပ်ငန်းသုံးသင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းမှ အမျိုးသမီး(၂၀)ဦး တက်ရောက်သွားမည်ဖြစ်ပြီး ဒေသထွက်သစ်သီးဝလံများကို အခြေပြု၍ ယို၊ဖျော်ရည်၊ ဂျမ်နှင့် ဝိုင် (၁၃)မျိုး ထုတ်လုပ်မှုနည်းပညာများကို စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၃ ရက်နေ့ အထိ (၅) ရက်ကြာစာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည့်အပြင် လုပ်ငန်းသုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)