မြစ်ကြီးနား စက်တင်ဘာ ၃၀
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ မြို့နယ်အလိုက် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် အားကစားအသင်းများနှင့် ဘင်ခရာပန်းပွားအဖွဲ့များက ကွင်းအတွင်းနေရာယူ ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အခြေခံပညာကျောင်းများသည် ကျောင်း သား/ကျောင်းသူများကို စာပေတစ်ခုတည်း သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ ဘက်စုံပညာရေးကိုပါ အလေးထား သင်ကြားပေးလျက်ရှိပါကြောင်း၊ ဒါကြောင့် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်သူများ ဖြစ်လာစေရန်နှင့် ငယ်စဉ်ကတည်းက ပါဝင်လှုပ်ရှား သင်ယူတတ်သူများဖြစ်အောင် အားလုံးက လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်က မျှော်မှန်းထားသည့် ဗလ ငါးတန်ဖြင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ပွဲတော် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသည့် မိဘ၊ ဆရာများ၊ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အတူ ပြိုင်ပွဲတွင် တစ်ဦးနှင့်တစ်ဦး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်း ခံပြီး ပျော်ရွှင်ရင်းနှီးစွာ တခဲနက်ပါဝင်ဆင်နွှဲသွားကြရန်နှင့် ယနေ့ ပြိုင်ပွဲများမှ တစ်ဆင့် ပြည်နယ် ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်သည့် အားကစားလူငယ်မောင်မယ်များ ဖြစ်လာရန် ကြိုးစားကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသားအားကစားပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြိုင်ပွဲဝင် အားကစားအသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြည်နယ်ဝန်ကြီးချုပ်အား အလေး ပြုထွက်ခွာခဲ့ကြသည်။
ယင်းနောက် မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများမှ ကျောင်းသူ (၄၀၀)ကျော် ပါဝင်သည့် အကအလှများဖြင့်လည်းကောင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး စုပေါင်းလေ့ကျင့်ခန်း အေရိုးဗစ်လေ့ကျင့်ခန်းဖြင့် လည်းကောင်း၊ ကျောင်းပေါင်းစုံမှ ဘင်ခရာ၊ ပန်းပွား လူဦးရေ (၄၀၀) ကျော်တို့က သရုပ်ပြခြင်းဖြင့် လည်းကောင်း၊ တိုင်းရင်းသားရိုးရာဝတ်စုံများဖြင့် ရိုးရာအကအလှ များဖြင့်လည်းကောင်း သရုပ်ပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့်တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူး များ၊ ပညာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းအုပ်များ၊ ကျောင်းသား/ ကျောင်းသူများက ကျောင်းသားအားကစားပွဲတော် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲမှ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနား မြို့နယ်အသင်းနှင့် ဝိုင်းမော်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ ဝိုင်းမော်မြို့နယ်အသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးဘောလုံးပြိုင်ပွဲ တွင် နေရာအလိုက် အကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရကစားသမားများနှင့် ပထမ၊ ဒုတိယဆုရ အသင်းများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းတို့က လည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရ အသင်းအား ပြည်နယ်လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆု၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံးဆုရကစားသမားများနှင့် ပထမရရှိသော ဝိုင်းမော်မြို့နယ်အသင်းတို့ အား ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဒိုင်းဆုတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ရှမ်းစုတောင် ရပ်ကွက်အတွင်းရှိ ယူချိန်တရုတ်စာပေယဉ်ကျေးမှုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ရှင်း(င်)ကျူးကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ် ဦးရင်းစိန်ပန်းမှ ကျောင်းဆောင်သစ်ဆောက်လုပ်ခဲ့ မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ်ကို ပြည်နယ်သံဃနာယက အကျိုး ဆောင်၊ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော မြစ်ကြီးနားမြို့ တရုတ်ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တဦးအာစရိယ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ယူချိန်ကျောင်းကော်မတီ ဥက္ကဋ္ဌများ၊ ယူနန်-ပေါင်ဆန်း ဟိန်ရိကုမ္မဏီဥက္ကဋ္ဌ ဦးတွမ်ကျိကွေ့၊ ကျောင်းအုပ်၊ ကျောင်းကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က တရုတ်ယဉ်ကျေးမှုစာသင်ကျောင်းသည် ပြည်နယ်အတွင်းရှိ လူငယ်များအား တရုတ်ဘာသာစကားနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျလေ့လာ သင်ယူ နိုင်သော ကျောင်းဖြစ်ပါကြောင်း၊ ထို့အပြင် ဤကျောင်းမှ မွေးထုတ်ပေးလိုက်သော ကျောင်းသား/ ကျောင်းသူများသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းနိုင်မည့်အပြင် ကချင်ပြည်နယ်၏ စီးပွား ရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်လာမည်ဖြစ်ပါ ကြောင်း အားပေးပြောကြားသည်။
ထို့နောက် ကျောင်းကော်မတီတာဝန်ရှိသူများက အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး ခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ ဝင်များနှင့် ကော်မတီ၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအနေဖြင့် ချမှတ်ထားသည့် မြေစစ်မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်နှင့်အညီ ပိတ်သိမ်းနိုင်မည့် အမှုတွဲများကို ပြီးပြတ်အောင် ပိတ်သိမ်းဆောင်ရွက်နိုင်ရေးနှင့် မရှင်းလင်းသည့် အမှုတွဲများကို ပွင့်ပွင့်လင်းလင်း တင်ပြ၍ လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီ ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အောင်မြင်ရေး လုပ်ငန်းဆောင်ရွက်သည့်အခါ တစ်ညီတစ် ညွတ်တည်းပေါင်းစည်းဆွေးနွေးတိုင်ပင်၍ ဆောင်ရွက်ပေးကြရန် လိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်ကော်မတီသို့ လျှောက်ထားတင်ပြလာသော စိစစ်ရန်ကျန်ရှိသည့် လုပ်ငန်းစာတွဲများကို ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ အမြန်ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)