မြစ်သား စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ စာရင်းကြေညာခြင်းကို စက်တင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာကြောင်း သိရသည်။
မဲဆန္ဒရှင်များစာရင်းကြေညာခြင်းကို စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့အထိ ပထမအကြိမ် ကြေညာထားရှိမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မြို့ပေါ်ရပ်ကွက် (၁၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၁) အုပ်စု၊ အသက် ၁၈ နှင့်အထက် မဲဆန္ဒရှင်စာရင်းများကြေညာ ထားကြောင်းသိရသည်။ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၂၆) ရွာတွင် မဲပေးမည့်ခန့်မှန်းမဲဆန္ဒရှင် (၁၄၄၂၂၅) ဦး မဲပေးနိုင်ရန်အတွက်မဲရုံ (၁၇၅) ရုံဖွင့် လှစ်ကာမဲပေးစက် (၆၇၂) လုံး လျာထားကြောင်းသိရ သည်။
ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများစာရင်း ကြေညာခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)