ချမ်းမြသာစည် စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)ရှိ ဇမ္ဗူဒီပါခန်းမတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၃၀ ရက်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာကျော်တင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးဆောင်ဆွေးနွေးခဲ့ပြီး လက်ထောက်ဆရာဝန် ဒေါက်တာရဲကျော်သူကလူငယ်နှင့်ယဉ်ကျေးမှု၊ အလုပ်သင်ဆရာဝန်များ ဖြစ်ကြသည့် မောင်အာကာကျော်က လူငယ်နှင့်ကျန်းမာရေး၊ မောင်ထက်ရှိန်လင်းက လူငယ်နှင့်ပရဟိတ၊ မထက်ထက်ဇော်က လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များကို လည်းကောင်း၊ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မလွေးမြသဉ္ဇာခမ်းက လူငယ်နှင့်အားကစား၊ မောင်အောင်ကောင်းထွဋ်က လူငယ်နှင့်စာပေ၊ မောင်ကျော်ထက်က လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လူငယ်စကားဝိုင်းသို့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဒေါက်တာကျော်တင့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့(ချမ်း/စည်)