ရုရှား-မြန်မာချစ်ကြည်ရေးအဖြစ် လွန်ခဲ့သည့် ၅၈ နှစ်က တည်ဆောက်ခဲ့သော ကြက်မောက်တောင် ရေလှောက်တမံ ပထမဆုံးအကြိမ်အဖြစ် ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်း

ကျောက်ပန်းတောင်း စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်တည်ရှိသည့် ကြက်မောက်တောင်ရေ လှောင်တမံကို ရုရှား-မြန်မာ ချစ်ကြည်ရေးအဖြစ် ရုရှားပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ (၁၉၆၁-၁၉၆၂) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့၍ (၁၉၆၆-၁၉၆၇) ခုနှစ်တွင် ပြီးစီးခဲ့ပြီး တည်ဆောက်ပြီးခဲ့သည့်အချိန်မှ (၅၈)နှစ်တာကာလအတွင်း တမံရေပြည့်မှတ်သို့ ရောက်ရှိခဲ့ဖူးခြင်းမရှိပဲ ယခုရက်ပိုင်း မိုးရွာသွန်းမှုများပြားသဖြင့် စက်တင်ဘာ(၂၉)ရက်နေ့တွင် တမံ၏ ရေပြည့်မှတ် F.T.L (RL-937.00)ပေကို ကျော်လွန်ရောက်ရှိခဲ့ပြီး စက်တင်ဘာ(၃၀)ရက်နေ့ နံနက်(၉)နာရီတွင် ရေပြည့်မှတ် RL-937.10 ပေသို့ရောက်ရှိခဲ့ကာ၊ တည်ဆောက်ပြီးချိန်မှ နှစ်ပေါင်း(၆၀)နီပါး (၅၈)နှစ်အတွင်း ရေလှောင်တမံ၏ ရေပိုလွှဲ Crest မှ ပထမဆုံးအကြိမ်အဖြစ် အမြင့်ပေ (၀.၁၀)ပေခန့် ရေကျော် စီးဆင်းလျက်ရှိကြောင်း သိရသည်။

ကြက်မောက်တောင်ရေလှောင်တမံ၏ ရေဝင်ရောက်မှုနှင့် ရေပိုလွှဲမှ ရေထုတ်လွှတ်မှု အခြေနေများအပေါ်မူတည်၍  လူနေအိမ်များနှင့် စိုက်ပျိုးသီးနှံများ ထိခိုက် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်(EPP)  ပါအတိုင်း၊ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့်အထက်ဌာန အဆင့်ဆင့်သို့တင်ပြခြင်း ရေစီးဆင်းသည့် ချောင်းဘေးတစ်လျှောက် ကျေးရွာများသို့ အသိပေးအကြောင်းကြားခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် ဆည်တမံများလည်း ကြံ့ခိုင်မှုကောင်းမွန်ပြီး စိုးရိမ်စရာမရှိကြောင်း၊ ရေစီးချောင်းတစ်လျောက် အသိပေးအလံများ စိုက်ထူထားရှိပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ AE ဦးကျော်ဆွေဝင်းက ပြောပါသည်။

အဆိုပါ ကြက်မောက်တောင်ရေလှောင်တမံ ရေဝင်ရောက်မှုအခြေအနေ တမံရေပိုလွဲမှရေကျော်စီးဆင်းနေမှုအခြေအနေများနှင့် လုံခြုံရေးအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ ကော်မတီအတွင်းရေးမှူး ရဲမှူးနိုင်ဝင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ AE ဦးကျော်ဆွေဝင်းတို့က လှည့်လည်ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)