ညောင်ရွှေမြို့ သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော် ဘုရားဖူးလာပြည်သူများနှင့် စည်ကားလျက်ရှိ

ညောင်ရွှေ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီး၌ ဒေသစာရီကြွချီ ကိန်းဝပ်စံပယ်ပူဇော်ခံလျက်ရှိသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော် မြတ်လေးဆူတို့အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ လာရောက်ဖူးမြော်ကြည်ညို၍ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်လျက်ရှိရာ စံကျောင်းတော်နှင့် ပွဲဧရိယာအတွင်း စည်ကားလျက်ရှိသည်။

ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများသည် နံနက်အရုဏ်တက်ချိန်မှစတင်ကာ မိသားစု အလိုက်သော်လည်းကောင်း၊ အသင်းအဖွဲ့များဖြင့်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့် သော်လည်းကောင်း စုပေါင်းလာရောက်၍ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း ကောင်းမှုကုသိုလ်များပြုပြီး ပွဲဈေးဆိုင်များသို့ သွားရောက်လည်ပတ်ကြလျက် ဒေသရိုးရာစာသောက်စရာများ ဝယ်ယူသုံးဆောင်ခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူခြင်း၊ အင်းလေးကန်အတွင်းသို့ စက်လှေများဖြင့် သွားရောက်လည်ပတ်ခြင်းတို့ ဆောက်ရွက်လျက်ရှိကြသည်။

ဒေသစာရီကြွချီပူဇော်ခံလျက်ရှိသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် အစဉ်အလာအရ နောက်တစ်ရက် (၁-၁၀-၂၀၂၅) ရက် နံနက်(၇)နာရီအချိန်တွင် ညောင်ရွှေမြို့စံကျောင်းတော်မှ နန်းသဲကျေးရွာဌာနသို့ ဆက်လက်ကြွချီ ပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ