ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သီတင်းကျွတ်ရုံးပိတ်ရက် ကျောင်းပိတ်ရက်များတွင် ဟိုတယ် (၁၀၀)လုံး ကြိုတင်ချိတ်ဆက်မှာယူထားကာ ပြည့်နေပြီဖြစ်

ညောင်ဦး စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလေ့လာရေးလာရောက်မည့်သူများသီတင်းကျွတ်ကာလ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ပုဂံဒေသသို့ ဘုရားဖူးလာရောက်ကြရန် ဟိုတယ်၊ မိုတယ်များ ကြိုတင်ချိတ်ဆက် အခန်းယူမှုများပြားလျက်ရှိရာ အောက်တိုဘာ ၃ ရက်နေ့မှ စတင်၍ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ (၁၀၀) လုံး ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)တာဝန်ရှိသူများထံက သိရသည်။

သီတင်းကျွတ်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးလေ့လာရေးလာရောက်သူ နှစ်စဉ်နှစ်တိုင်း များပြားလျက်ရှိရာ သီတင်းကျွတ်အချိန် မိဘဘိုးဘွားများ၊ ဆွေမျိုးမိတ်ဆွေများထံပြန်၍ ကန်တော့ကြရင်း ဘုရားဖူးလာရောက်ကြ ကြောင်း၊ ပုဂံဘုရားများဖူးရန် ရည်ရွယ်ထားသူများသည် စက်တင်ဘာ ဒုတိယပတ်ထဲက ဟိုတယ်/မိုတယ်/တည်းခိုရိပ်သာများသို့ အွန်လိုင်းမှတစ်ဆင့် ကြိုတင်ချိတ်ဆက်ထားကြကြောင်း သိရသည်။

သီတင်းကျွတ်ရုံးပိတ်ရက်/ကျောင်းပိတ်ရက်များတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ကြိုတင်လာရောက်လေ့ရှိကြပြီး သီတင်း ကျွတ်ရုံးပိတ်ရက်များတွင် တစ်ရက်ဘုရားဖူးခရီးသွား တစ်သိန်းမှ တစ်သိန်းခွဲထိလာရောက်လေ့ရှိကာ နေ့ခြင်းပြန်ခရီးသွားများက ပိုမိုများပြားကြောင်း ပုဂံဒေသရှိ သမိုင်းဝင် အထင်ကရဘုရားများကို ဖူးမြော်ခြင်း၊ နံရံဆေးရေး ပန်းချီများ လေ့လာခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်း၊ လက်ဆွဲပန်းချီ ဆွဲကြခြင်းများ ပြုလုပ်ကြကြောင်း၊ အချို့ဘုရားဖူးများက မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက်ငှားစီးခြင်းများ ပြုလုပ်ကြကြောင်း၊ သီတင်းကျွတ် ကျောင်းပိတ်ရက်/ရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူးလေ့လောရေး လာရောက်မည့်သူများ ညောင်ဦးမြို့၊ ပုဂံမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ ကြိုတင်ချိတ်ဆက်ကာ သီတင်းကျွတ်အားလပ်ရက် အောက်တိုဘာ ၃ ရက်၊ နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ ဟိုတယ်၊ မိုတယ်၊ တည်းခို ရိပ်သာများကြိုတင်မှာယူချိတ်ဆက်မှုများဖြင့် ဟိုတယ်၊ မိုတယ် (၁၀၀)လုံးပြည့်နေပြီဖြစ်ကြောင်း သိရသည်။

ဒီပါလင်း