လားရှိုး စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင် အဖွဲ့ဝင်များက မဲရုံများအလိုက် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေးအတွက် လျှောက်ထားရန်နည်းလမ်းများအား ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်တို့က ရှင်းလင်းပြောကြားခဲ့သည်။
လားရှိုးတွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းအား စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်အထိ (၁၄) ရက်တာ ကြေညာထားမည်ဖြစ်ပြီး ရပ်ကွက် (၁၂) ခု ကျေးရွာအုပ်စု (၁) စု စုစုပေါင်း (၁၃) ခုတို့တွင် မဲရုံ စုစုပေါင်း (၆၆) ရုံ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၁၀၆၃၂၀) ဦးရှိကြောင်း၊ နောက်ဆုံးအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာခြင်းအား နိုဝင်ဘာလအတွင်း ထပ်မံကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။
ခရိုင် (ပြန်/ဆက်)