ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာ

ဟိုပုံး စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခွန်စိန်သန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်လင်းကြည်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခွန်ဘဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်သူတို့က ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ မြို့ပေါ်ရပ်ကွက်(၆)ခုနှင့် ကျေးရွာအုပ်စု(၂၂)တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၇၀၇၄၀ ဦးရှိပြီး လျာထား မဲရုံပေါင်း (၇၈)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)