မူဆယ်မြို့တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာ

မူဆယ် စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစ၍ မဲစာရင်းများကို  ပထမအကြိမ်အဖြစ် ကပ်ထားကြေညာထားကြောင်း သိရှိရပါသည်။

အဆိုပါမဲစာရင်းကပ်ထားသည့်နေရာသို့ ရပ်ကွက်အတွင်းမှ မဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုကြရမည်ဖြစ်ပြီး မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ စာရင်းတွင် မပါသင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် သိရှိလိုသည်များကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများမှတစ်ဆင့် မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်ရှိပြီး မဲရုံ (၁၈)ရုံရှိကာ အဆိုပါမဲစာရင်း ကြေညာထားသည့် နေရာများသို့ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ (မူဆယ်)