ကြက်မောက်တောင်ရေလှောင်တမံ ရေပိုလွှဲမှရေကျော်နေ၍ မိတ္ထီလာ-ကျောက်ပန်းတောင်း ခရီးသွားကားများအန္တရာယ်ကင်းရှင်းရေး ယာယီပိတ်ထား

ကျောက်ပန်းတောင်း စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မကျဉ်းတိုင်းကျေးရွာအနီး ကြက်မောက်တောင်ရေလှောင်တမံမှ စက်တင်ဘာ ၃၀ ရက်၊ နံနက် ၁၀ နာရီခန့်မှ စတင်ကာ ရေပိုလွှဲရေကျော်မှ ရေကျော်လျက်ရှိကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်မြောင်းဦးစီးမှူး ဦးကျော်ဆွေဝင်းထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင်ရေလှောင်တမံကို ၁၉၆၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၁၉၆၇ ခုနှစ်တွင် တည်ဆောက်မှုစီမံကိန်းကာလ ပြီးစီးခဲ့ကြောင်း၊ ဆည်ရေသောက်စနစ်အနေဖြင့် တူးမြောင်းမကြီး (၂) ခုရှိကာ လက်ဝဲတူးမြောင်း၊ လက်ယာတူးမြောင်းရှိကြောင်း၊ တူးမြောင်းမကြီး အလျား (၁၈.၂၃) မိုင် (၆.၆၄ မိုင်၊ ၁၁.၅၉ မိုင်) ရှိပြီး၊ လက်တံမြောင်းများအလျား (၃၉.၂၂) မိုင်ခန့်ရှိကြောင်း သိရသည်။

ဆည်ရေပေးနိုင်မည့် ဧရိယာ (၂၂၇၆၅) ဧက (စိစစ်ဆဲ) ဖြန့်ဝေပေးနိုင်ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် နှစ်စဉ်ပျှမ်းမျှမိုးရေးချိန် ၃၂ လက်မခန့်ရရှိပြီး၊ ကျောက်မောက်ရေလှောင်တမံသို့ နှစ်စဉ်ပျှမ်းမျှဝင်ရေ ၃၅၂၀၀ ဧကပေဝင်ရောက်ကြောင်း၊ ရေလှောင်တမံသည် မြေသားတမံအမျိုးအစားဖြစ်ပြီး၊ ရေလှောင်တမံမြင့် ၁၁၂.၅ ပေ၊ အလျား ၈၅၀၀ ပေ၊ ရေပြည့်ပမာဏ ၇၃၁၀၀ ဧကပေ၊ ရေလှောင်တမံရေအနက် ၉၉ ပေ၊ ရေလှောင်တမံရေ သေပမာဏ ၃၁၀၀ ဧကပေ၊ ရေလှောင်တမံရေသေအနက် ၃၇ ပေရှိကြောင်း၊ ရေလှောင် တမံ ရေပြည့်ရေပြင်ကျယ်ဧရိယာ ၁၈၀၀ ဧကရှိကြောင်းသိရသည်။

ကျောက်ပန်းတောင်း မြို့နယ်တွင် စက်တင်ဘာ ၂၉ ရက်နေ့ မိုးရေချိန် ၀.၃၂ လက်မ၊ စက်တင်ဘာ ၃၀ ရက်နေ့ တွင် ၂.၈၂ လက်မရွာသွန်းခဲ့ကြောင်း၊ စက်တင်ဘာ ၃၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ရေပိုလွှဲမှရေများ ပိုမိုများလာသဖြင့် ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်းမ မိုင်တိုင်အမှတ် ၅၁/၄ မှ ၅၁/၇ မိုင်တို့တွင် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးဖြတ်သန်းမှု ယာယီပိတ်ထားပြီး ရေကျော်မှုနည်းပါက ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း