ကျိုင်းတုံ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ၊ မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူရေးတောင်သူများအား တိရစ္ဆာန်မျိုးကောင်း၊ မျိုးသန့်ဒေသနွား၊ နွားပြာစိမ်းအမ (၁၀)ကောင် အခမဲ့ဖြန့်ဖြူပေးအပ်ပွဲကို ယမန်နေ့က ကတ်ထိုက်ကျေးရွာအုပ်စု၊ တုံကွမ်ကျေးရွာတွင် ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေတို့က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်က ဖြန့်ဖြူးပေးသည့် ဒေသနွား၊ နွားပြာစိမ်းအမ(၁၀)ကောင်အား မွေးမြူရေးဘဏ်စနစ်အရ ကျေးရွာကော်မတီမှတစ်ဆင့် လွှဲပြောင်းပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ကျေးရွာကော်မတီထံ ဒေသနွား၊ နွားပြာစိမ်းအမ(၁၀)ကောင်နှင့် စာချုပ်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသအတွင်း ဝက်သားထုတ်လုပ်မှု မြှင့်မားရေးအတွက် စက်တင်ဘာ ၂၇ ရက်က မွေးမြူရေးဘဏ်စနစ်ဖြင့် ကတ်ဖကျေးရွာအုပ်စု၊ နောင်ဟောင်ကျေးရွာမှ မွေးမြူရေးတောင်သူများအား ဒေသဝက်(၅၀)ကောင် အခမဲ့ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)