နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာ

နမ့်စန်(တ) စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကိုယနေ့နံနက် ၇ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ်ကပ်ထား ကြေညာပေးထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဒေါ်နန်းမျိုးမျိုးအောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဌာနဆိုင်ရာအကြီးအကဲများက နံနက် ၈ နာရီမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

နမ့်စန်မြို့နယ်အနေဖြင့် ခိုလမ်မြို့ အပါအဝင် ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု(၂၀)တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ဦးရေ ၈၅၀၀၀ ကျော်ရှိပြီး လျာထားမဲရုံပေါင်း (၇၈)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

သူရအောင်(နမ့်စန်)