ကျောက်ဆည် စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စု၌ စိုက်ပျိုးထားသော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စုသည် တိုက်နယ်(၇)အတွင်းရှိ ကျေးရွာအုပ်စုများတွင်ပါဝင်ပြီး မိုးရာသီဝါသီးနှံများကို(၇၈၅)ဧက စိုက်ပျိုးထားကြောင်းနှင့် အခြားကျေးရွာအုပ်စုများဖြစ်သော ရွာသစ်ကျေးရွာအုပ်စု၌ (၄၅)ဧက၊ ရေသရောက်ကျေးရွာအုပ်စု၌(၃၇)ဧက၊ ချောင်းဆုံကျေးရွာအုပ်စု၌ (၃၄)ဧက၊ ကြက်သားဟင်း ကျေးရွာအုပ်စု၌(၄၅)ဧက၊ စုစုပေါင်း(၉၄၆)ဧက စိုက်ပျိုးထားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ဝါသီးနှံများပိုးမွှားကင်းရှင်းရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး နည်းပညာများ ပံ့ပိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဝါသီးနှံများကို မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းရာသီများတွင် စိုက်ပျိုးကြပြီး မိုးကြိုဝါသီးနှံများကို ဖေဖော်ဝါရီလလယ်မှမတ်လလယ်၌လည်းကောင်း၊ မိုးရာသီဝါသီးနှံများကို မေလလယ်မှ ဇွန်လကုန်အထိလည်းကောင်း၊ မိုးနှောင်းဝါသီးနှံများကို ဇူလိုင်လလယ်မှ ဩဂုတ်လ အလယ်ထိ စိုက်ပျိုးကြကြောင်း စိုက်ပျိုးရာ၌ ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်၊ သဘာဝနွားချေး မြေဩဇာ နွားလှည်(၁၀)စီးနှင့် မြေပြုပြင်ပြီး တစ်ဧက သတ်မှတ်အပင်ဦးရေ ပြည့်မီအောင် တစ်ကျင်းနှင့်တစ်ကျင်း (၃)ပေအကွာ စိုက်ပျိုး ရကြောင်း အပင်သက်တမ်း ၁၈ ရက်မှ ၂၁ ရက်တွင် စိုက်ကျင်းတစ်ကျင်းလျှင် ဝါပင်(၂)ပင်ချန်၍ သားခွဲပေးရ ကြောင်း၊ အပိန့်ဝင်ချိန်နှင့် ပန်းပွင့်ချိန်များ၌ ကွန်ပေါင်းအိပ်တစ်ဝက်နှင့်ယူရီယားအိပ်တစ်ဝက် ရောစပ်ကာ ကျဲပက်၍ ရေသွင်းပေးရပြီး ကြားထွန်တိုက်ကာ မြေဆွပေးရကြောင်း၊ အပင်(၅၀)ရက်သားတွင် စုပ်ပိုးကာကွယ်ဆေး (၂)ကြိမ်၊ (၆၀)ရက်သား နောက်ပိုင်းတွင် ဝါဂွမ်းပိုးနီနှင့်ရွက်လိပ်ရွက်စားပိုး(၂)ကြိမ် ဖျန်းပေးရပြီး လိုအပ်ပါက အခြားပိုးများအတွက် ပိုးသတ်ဆေးများ ဖျန်းပေးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းသည့် ဝါစိုက်ခင်းများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်