တောင်ကြီး စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ လွိုင်လုံပညာဗောတိ ပရဟိတကျောင်းသို့သွားရောက်၍ လွိုင်လုံပညာဗောတိ ပရဟိတကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ သီရိဓမ္မာဘိပါလအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွိုင်လုံပညာဗောတိ ပရဟိတကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကိုလည်းကောင်း၊ စာသင်ဆောင်များအားလည်းကောင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများကို လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့တွင်း ရပ်ကွက်များသို့ ရေဖြန့်ဝေပေးလျက်ရှိသော ရေထွက်ဦးရေကန်တာဘောင်မြှင့်တင်ခြင်းနှင့်လှိုင်းကာ ကျောက်နံရံ စီခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်သည့် ရေကန်တာဘောင်နှင့် လှိုင်းကာသံစကာ၊ ရေထွက်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်း ရပ်ကွက်ရှိ သီတာလမ်းတိုးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရာက်ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းပေါ်တွင် ရေများတင်ကျန်မှုမရှိစေရန်နှင့် ရေနုတ်မြောင်းအတွင်းသို့ ရေများစီးဆင်းနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လမ်းများရေရှည်ခိုင်ခံ့ပြီး ကောင်းမွန်စွာအသုံးပြုနိုင်ရန်အတွက် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပေးရန်၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ပေးကြရန်နှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လာအောင် စေတနာထား ဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားပြီး လမ်းနှင့်ရေနုတ်မြောင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်သာယာ(၃)တွင် အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန်နှင့် လေကောင်းလေသန့်များ ရှူရှိုက်၍ ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ရာတွင် စိတ်ကြည်လင်လန်းဆန်းစေရန်အတွက် ကန်အတွင်း သာယာလှပမှုများရှိရန်အတွက် ကန်နှင့်ကန်ပတ်ဝန်းကျင် သန့်ရှင်းဆောင်ရွက်နေမှုနှင့် ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)