နေပြည်တော် စက်တင်ဘာ ၃၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ လိုက်ပါ၍ ဒက္ခိဏသီရိမြို့နယ်ရှိ ဟိုတယ်ဇုံအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟိုတယ်ရှေ့မျက်နှာစာ ဥပတိရုပ်ကောင်းမွန်စေရေးနှင့် ပတ်ဝန်းကျင်းသန့်ရှင်းသာယာလှပရေး အမြဲဆောင်ရွက်သွားရန်၊ ရာသီအလိုက်ဖူးပွင့်သောပန်းနှင့် ဟိုတယ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအား တိုးမြှင့်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ ငလျင်ဒဏ်အပြင်သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအမြန်ပြီးစီးအောင် စနစ်တကျဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်ညွှန်းနှင့် ပြည့်မီအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ကောင်စီအနေဖြင့်လည်း ဒေသအတွင်းရှိပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဒေသအလိုက် အရည်အသွေးကောင်းသစ်သီးဝလံမျိုးရင်းများကို ထိန်းသိမ်းရန်၊ တိုးချဲ့စိုက်ပျိုးရန်နဲ့ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး နိုင်ငံခြားသို့တင်ပို့နိုင်ရေးအတွက် စီမံဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးဆောင်ရွက်ရေးသည် အရေးကြီးတဲ့အတွက် ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးမှုများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေရရှိရေးကဏ္ဍတွင် တည်ဆောက်ပြီး ရေလှောင်တမံနှင့် ရေသောက်စနစ်များအား စိုက်ပျိုးရေ ထိရောက်လုံလောက်စွာပေးဝေနိုင်ရန်၊ သီးထပ်စိုက်ပျိုးနိုင်ရန်အတွက် ပြုပြင်ခြင်း နှင့် ထိန်းသိမ်းလည်ပတ်ခြင်းလုပ်ငန်းများ၊ မြေအောက်ရေစက်ရေတွင်းများ တူးဖော်ခြင်း၊ ဆိုလာစနစ်ပြောင်းလဲတပ်ဆင်ခြင်း၊ ယာယီချောင်းပိတ်ဆည်များ တည်ဆောက်ခြင်း၊ သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဌာနများအပြင် ဒေသခံတောင်သူများနှင့်လည်း ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ပါတယ်ကြောင်း၊ မွေးမြူရေးကဏ္ဍတွင် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုတိုးတက်စေရန်၊ ကုန်ဈေးနှုန်းများတည်ငြိမ်စေရန်၊ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာစေရန်၊ ပြည်ပမှ တင်သွင်းနေရတဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများကို သွင်းကုန်အစားထိုး ထုတ်လုပ်လာနိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းများအား စနစ်တကျ ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ သာမာန် မိရိုးဖလာလွှတ်ကျောင်းမွေးမြူရေးများကို လှောင်မွေးစနစ်၊ ခေတ်မီမွေးမြူရေးစနစ်တွေ ဖြစ်လာအောင်၊ ကူးပြောင်းလာအောင် စည်းရုံးဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ တိရစ္ဆာန်အစာကုန်ကြမ်းရရှိရေး၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးရေး၊ တိရစ္ဆာန်အစာပြုပြင်ကျွေးမွေးရေး စနစ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ငါးကဏ္ဍဖူလုံစေရေးအတွက်လည်း ငါးမွေးမြူသူလုပ်ငန်းရှင်များတိုးပွားလာရန် စည်းရုံးဆောင်ရွက်ခြင်း၊ ငါးသားပေါက်များ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)