နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး (၁၀၅)ကြိမ်မြောက်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရားများ ဒေသစာရီကြွချီပူဇော်ခံပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၃၀

၂၀၂၅ ခုနှစ် (၁၀၅)ကြိမ်မြောက်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရားများ ဒေသစာရီကြွချီပူဇော်ခံပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်မနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်း၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝတ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အမှာစကားပြောကြားရာတွင် ပျဉ်းမနားမြို့နယ်အနေဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသည့် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရားများ ဒေသစာရီကြွချီပူဇော်ခံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဝတ်အသင်းအဖွဲ့များအနေဖြင့် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ယခုကျင်းပဆောင်ရွက်မည့် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရားများ ဒေသစာရီကြွချီပူဇော်ခံပွဲသည် (၁၀၅)ကြိမ်မြောက် ရောက်ရှိလာပြီဖြစ်သည့်အတွက် တန်ဖိုးထားဆောင်ရွက်ကြရန်လိုကြောင်း၊ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ပင့်ဆောင်၍ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံရာတွင် ကြည်ညိုဖွယ်ဖြစ်အောင် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်းနှင့် လှည့်လည်အပူဇော်ခံမည့် လမ်းကြောင်းတလျှောက် လျှပ်စစ်ဓာတ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများနှင့် သစ်ပင်သစ်ကိုင်းများကို ကြိုတင်ရှင်းလင်းဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ဦးစီးကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့်လည်း ကျရာကဏ္ဍများအလိုက် လစ်ဟာမှုမရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝတ်အသင်းများမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေး တင်ပြခဲ့ကြောင်း ပြောကြားသည်။

ဟိန်းခန့်ဇော် (ပြန်/ဆက်)