အမရပူရ စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တ(၂)ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိ ပါက ပုံစံ (၃) ဖြင့် တောင်းဆိုရမည်ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည် စသဖြင့် မှားယွင်းနေပါက ပုံစံ ၄(က)ဖြင့် ပြင်ဆင် ရမည်ဖြစ်သည်။ အထက်ပါ ပုံစံများအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)