ရန်ကုန် စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေဿကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းထူထောင်မည့်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ယခုစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တတိယအကြိမ်မြောက်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ယခင်နှစ်များက အောင်မြင်ခဲ့သည့် လုပ်ငန်းရှင်များကို စံနမူနာယူကာ ယခုနှစ်လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် စီမံကိန်းအဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များနှင့်အတူတကွ ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ နောင်နှစ်များတွင်လည်း စီမံကိန်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တခြားကျေးရွာနေပြည်သူများလည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိမှာဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်လာပါက ဝင်ငွေတိုးပွားလာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာမည့်အပြင် အရည်အသွေးမြင့်မားသည့် ပြည်တွင်းထုတ်ကုန်များ ပေါများလာပါက ပြည်ပသွင်းကုန်လျော့နည်းလာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုပါ တစ်ဖက်တစ်လမ်းက အထောက်အကူပြုရာရောက်မည် ဖြစ်မည့်အတွက် အားလုံးပူးပေါင်းပြီး မိမိတို့တတ်စွမ်းသည့် အတတ်ပညာ၊ အသိပညာများအား မဆုတ်မနစ်သော ဇွဲ၊ လုံးလ၊ ဝီရိယများဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် စသည်တို့ကို ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဒုံမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များမှ လုပ်ငန်းထူထောင်မည့်သူများအား စက်ချုပ်လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်သာမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ တွံတေးမြို့နယ်၊ ဒလမြို့နယ်နှင့် ကျောက်တန်းမြို့နယ်များမှ လုပ်ငန်းထူထောင်မည့်သူများအား စက်ချုပ်လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်သွယ်တန်းလုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်လုပ်ငန်းသုံးပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်ရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)