အောင်မြေသာစံ စက်တင်ဘာ ၃၀
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်-မန္တလေး အလုပ်သင်ဆရာဝန်(သစ်လွင်)ကြိုဆိုပွဲနှင့် Orientation Course For House Officers ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ လမ်း ၃၀ × ၇၃ လမ်းရှိ ဆေးတက္ကသိုလ်-မန္တလေး၊ မန်းရတနာပုံ(ဇီဝက)ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဆေးတက္ကသိုလ်-မန္တလး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများနှင့်အလုပ်သင်ဆရာဝန် (၂၈၉) ဦးတက်ရောက်ကြသည်။
ရှေးဦးစွာ ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ မျိုးသက်တင်နှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာစည်သူတို့က အမှာစကားပြောကြားကြပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ပါမောက္ခ/ဌာနမှူးများကိုယ်စား ဆေးတက္ကသိုလ်-မန္တလေး၊ ဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာအေးအေးချစ်က အလုပ်သင်ဆရာဝန်(သစ်လွင်)များအား သိသင့်သိထိုက်သည်များကို မှာကြားသည်။
ထို့နောက် နောက်ဆုံးနှစ်အမ်ဘီဘီအက်စ်အပိုင်း(ခ) (၅/၂၀၂၄) သင်တန်းတွင်ဂုဏ်ထူးရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့် ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)