မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ်အနီးတွင် ရေလမ်းကြောင်းနှင့် ကမ်းနားနယ်နိမိတ်ပူးပေါင်းတိုင်းတာခြင်း (Joint Survey) လုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတက်ရောက်              

မော်လမြိုင် စက်တင်ဘာ ၂၆                           

မွန်ပြည်နယ်၊ မုဒုံမြို့အနီးတွင် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွားဆိပ်ကမ်းတည်ဆောက်ရန်အတွက် ရေလမ်းကြောင်းနှင့် ကမ်းနားနယ်နိမိတ်ပူးပေါင်းတိုင်းတာခြင်း (Joint Survey) လုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်အား ရှင်းလင်းဆွေးနွေးခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဆိပ်ကမ်းအရာရှိချုပ် (မွန်ပြည်နယ်) မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးနေဦးထွန်းမှ ရေလမ်းကြောင်းနှင့်ကမ်းနားနယ်နိမိတ် ပူးပေါင်းတိုင်းတာရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ရေလမ်းကြောင်းနှင့်ကမ်းနားနယ်နိမိတ် တိုင်းတာသတ်မှတ်၍ တင်ပြဆောင်ရွက်နိုင်ရေးနှင့်ပက်သက်၍လည်းကောင်း၊ ဌာနမှူး(တိုင်းတာရေး) ဦးဝေဇွန်အောင်မှ တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်မည့်အစီအစဉ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် တိုင်းတာရေးလုပ်ငန်းဆောင်ရွက်မည့် ဧရိယာအ​ခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မုဒုံမြို့အနီးတွင် နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းအသစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသလို အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွားဆိပ်ကမ်းတည်ဆောက်ခြင်းဖြင့် ပြည်နယ်အတွက်ရော နိုင်ငံအတွက်ပါ ပိုမို အကျိုးရှိသည့် စီမံကိန်းတစ်ခုဖြစ်လာမှာဖြစ်ကြောင်း၊ မော်လမြိုင်ဆိပ်ကမ်းရေလမ်းကြောင်းနှင့် ကမ်းနားနယ်နိမိတ် တိုင်းတာရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားရန်နှင့် ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို BOT စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တိုင်းတာရေးအဖွဲ့ လုပ်ငန်းများမြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက ပူးပေါင်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)