စစ်တွေ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၇နှင့် ၂၈ ရက်တို့တွင် မာန်အောင်မြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ မြို့နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများအားဖူးမြော်ကာ သံဃာတော် အရှင်သူမြတ်များအား နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဈေးတန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ် ချီးမြှင့်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့ မြို့မစည်ပင်သာယာဈေးအတွင်း ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့နယ် တောထူကျေးရွာ၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာဖော်ဆောင်ပြီး မျိုးစေ့ထုတ်လုပ် သူများအသင်း(SGA)ဖြင့် Rs to Cs မျိုးစေ့ထုတ်စိုက်ခင်း(၁၀)ဧက၊ သီးနှံပုံစံစမ်းသပ်ကွက်တစ်ဧက (မိုးစပါး-ဟင်းသီးဟင်းရွက်) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြစ်ထွန်းအောင်မြင်နေသော မိုးစပါးစိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုကြပြီး တောင်သူများအား ဓာတ်မြေဩဇာနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များ ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်ကျွန်းပတ်လမ်းနှင့် ကျွန်းပတ်လမ်းပေါ်ရှိ တံတားများကြံ့ခိုင်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့နယ်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ မာန်အောင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် များကို ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကြီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ် ဥပဒေချုပ်တို့က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှု၊ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများစသည့် ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာများသို့ ဆန်နှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ကြပြီး မာန်အောင်မြို့ပေါ်တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများရရှိနိုင်ရေးအတွက် ဆိုလာမီးများ၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သုတရသစာအုပ်များကို ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအား ပြန်လည်ဆွေးနွေးပြီး ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး မွေးမြူရေးကို အဓိကထားဆောင်ရွက်သော ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ မာန်အောင်မြို့နယ်သည် ဆန်ဖူလုံမှုနှင့် ဆီဖူလုံမှုရှိသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များဖြင့် ကြိုးစားစိုက်ပျိုး ဆောင်ရွက်သွားမည်ဆိုလျင် အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းသည်လည်း အခြေခံ ကောင်းများရှိသော မြို့နယ်တစ်ခုဖြစ်သည့်အတွက် ရှိပြီးသားအခြေခံကောင်းများကိုအသုံးချကာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ တရားဥပဒေစိုးမိုးမှုရှိမှ ထိုဒေသသည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များ ပေးအပ်လျက်ရှိပြီး Grade-12 ကျောင်းသား၊ ကျောင်းသူများအတွက် စာကြည့်ဆိုလာ မီးလုံးများ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ အလားတူ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတရသစာအုပ်စာပေများ၊ မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၂၄ နာရီ မီးရရှိနိုင်ရန်အတွက် 100 KVA ဆိုလာမီးများ၊ ဆိုလာစနစ်ဖြင့် လမ်းမီးများ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မာန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမျးက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးနေမှုကို လှည့်လည်ကြည့်ရှုကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ ဆေးရုံသို့သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသည့်လူနာများအား အားပေးစကားပြောကြပြီး အာဟာရဖြည့်စွက်စာများပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်ဆေးရုံအတွက်လိုအပ်လျက်ရှိသော ဆေးများကိုပေးအပ်ကြပြီး ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့၌ စစ်တွေမြို့၊ မဟာဇေယျ သိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး ဦးဆောင်တည်ထားလျက်ရှိသော ဉာဏ်တော်အမြင့် ၁၀၈ ပေရှိ ထိုင်တော်မူ လောကဥသျှောင်ဘုရားကြီး တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှု ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့နယ်အတွင်း MSME လုပ်ငန်းများ ဖြစ်သော ငွေတိုးဆီစက်သို့ သွားရောက်ကြည့်ရှုအားပေးကြရာ ဆီစက်လုပ်ငန်းရှင်က ပဲဆီများ ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိန်ပန်းမြိုင် ပဲယိုနှင့်နှမ်းယိုလုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်လေဆိပ်သို့သွားရောက်ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လေယာဉ်ကွင်းတိုးချဲ့မည့်မြေဧရိယာနှင့် လေယာဉ်ပြေးလမ်း တိုးချဲ့ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့၊ နယ်မြေခံတပ်ရင်းမှ အရာရှိ စစ်သည်များ၊ တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏မိသားစုဝင်များနှင့်တွေ့ဆုံကာ ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် စားသောက်ဖွယ်ရာများအား ပေးအပ်ကြခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- တင်ထွန်းဦး