ပင်းတယ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာအုပ်စု၊ ကိုးလုံးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျောက်စုတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဖြန့်ဖြူးမည့် ဒေသနွားမ (နွားပြာစိမ်း) ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ အဖွင့်အမှာစကားပြောကြားရာ ယနေ့နိုင်ငံတော်မှာ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံ၍ အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ကာလဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်း၊ မျိုးသန့် တိရစ္ဆာန်များ မွေးမြူနိုင်ရေးဟာ အထူးအရေးကြီးပြီး၊ တိရစ္ဆာန်များ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဟာရပြည့်ဝသောအစားအစာ၊ သန့်ရှင်းသောသောက်သုံးရေ၊ ကောင်းမွန်သော အဆောက်အဦဖြင့် ထားရှိမွေးမြူသွားကြရန်အတွက် မွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူသွားကြရန် တိုက်တွန်းလိုပါတယ်၊ သို့မှသာလျှင် ကျန်းမာကြံ့ခိုင်သော လူသားအရင်းမြစ်များ ဖြစ်ထွန်းလာရေးအတွက် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော အသား၊ နို့၊ ဥများကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် တိရစ္ဆာန်မွေးမြူရေးကဏ္ဍ တိုးတက်အောင်မြင်မှုဟာလွန်စွာ အရေးကြီးပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုပြည်နယ်မှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဖြန့်ဖြူးသည့် ဒေသနွားမ (နွားပြာစိမ်း) ထောက်ပံပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဖြန့်ဖြူးသည့် ဒေသနွားမ (နွားပြာစိမ်း)များ ကူးစက်ရောဂါများကင်းရှင်းရေး၊ မျိုးမြှင့်တင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးသည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ ကျောက်စုကျေးရွာအုပ်စုအတွင်း ဒေသနွားမ (နွားပြာစိမ်း) မွေးမြူကြမည့်သူများအား ဒေသနွားမ (၁၀) ကောင်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်း၊ စမ်းသပ်မဲပေးစေခြင်းနှင့် ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားပေးသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်)နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်း ဆွေးနွေတင်ပြပေးပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပင်းတယမြို့နယ်ရဲ တပ်ဖွဲ့မှူးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဟန့်တားဖျက်ဆီးခြင်းနှင့် ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ကျောက်စုကျေးရွာအုပ်စုနေ ဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။ ထို့နောက် တက်ရောက်လာသည် ကျောက်စုကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာ သားများက မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)