ဒဂုံတောင် စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိူ့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၅ ခုနှစ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အသင်း(၂၅)သင်းဖြင့် ယှဉ်ပြိုင်ကစားကြရာ စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီတွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၅ ခုနှစ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ၁၀၄ ရပ်ကွက်အသင်းနှင့် ၁၉ ရပ်ကွက်အသင်းတို့က ကွင်းအတွင်းနေရာယူပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဝင်းမြင့်အောင်၊ ဦးသန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသီဟကျော်၊ မြို့နယ်လဝကမှူး ဦးညီဇော်ဌေး၊ မြိူ့နယ်မီးသတ်ဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင် မြို့နယ်အားကစားမှူး ဒေါ်ပြုံးသန့်ခိုင်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားကစားဝါသနာရှင်များ၊ ဒေသခံပြည်သူများက ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲ၌ ၁၀၄ ရပ်ကွက်သင်းက ၁၉ ရပ်ကွက်အသင်းကို ၂ ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ အကောင်းဆုံးဂိုးသမားဆုရရှိသော ၁၉ ရပ်ကွက်အသင်းမှ မင်းလွင်ရွှေ၊ အကောင်းဆုံးနောက်တန်းဆုရရှိသော ၁၀၄ ရပ်ကွက်အသင်းမှ ဟန်လင်းထွန်း၊ အကောင်းဆုံးအလယ်တန်းဆုရရှိသော ၁၉ ရပ်ကွက်အသင်းမှ ခွာလ်ငိုက်ထန် အကောင်းဆုံးရှေ့တန်းဆုရရှိသော စိုက်မွေးရပ်ကွက်အသင်းမှ သန်းနိုင်၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော ၁၀၄ ရပ်ကွက်အသင်းမှ ထွန်းခန့်ပိုင်တို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် အသင်းလိုက် ဒုတိယ၊ တတိယရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ကြပြီး ပထမဆုရရှိသော ၁၀၄ ရပ်ကွက်အသင်းအား တံခွန်စိုက်ဖလားနှင့် ငွေသားဆု (၂၀)သိန်းကျပ်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က ချီးမြှင့်ပေးကြောင်း သိရသည်။
နေမျိုးအောင်