မိုင်းကိုင် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တုံလောကျေးရွာအုပ်စု၊ တုံလောကျေးရွာ၊ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးအောင်မြတ်သွင်တို့က အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်က ရွေးကောက်ပွဲဥပဒေနှင့် ပတ်သက်သည့်သိကောင်းစရာများကို အသိပညာပေးဟောပြောကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းသန္တာဦးနှင့် အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်းနှင့် မဲပေးခြင်းပုံစံအား မြန်မာဘာသာ၊ ရှမ်းဘာသာ (၂)မျိုးဖြင့် ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းပြီးနောက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)