အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား (၄) ဆူ ညောင်ရွှေမြို့၊ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီပူဇော်ခံ

ညောင်ရွှေ စက်တင်ဘာ ၂၉

အင်းလေးဖောင်ဦးရုပ်ရှင်တော်မြတ်စွာဘုရား(၄)ဆူ အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီ ပူဇော်ခံလျက်ရှိရာ  သီတင်းကျွတ်လဆန်း(၇)ရက် ယမန်နေ့ နံနက်(၇)နာရီက ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာမှ အင်းလေးရိုးရာဘုရားဆွဲလှေ (၄၃) စီးဖြင့် အင်းလေးရေပြင်ကိုဖြတ်၍ ညောင်ရွှေမြို့၊ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီ ပူဇော်ခံလျက်ရှိကြောင်း သိရသည်။

ဦးစွာ ညောင်ရွှေမြို့ ဖောင်တော်ပြန်မဏ္ဍပ်ရှေ့တွင် နိုင်ငံတော်အဆင့်​ရွှေတံဆိပ်(၂)ဆုရှင် ဆိုင်းဝိုင်းအဖွဲ့မှ ဖျော်ဖြေခြင်း၊ ဆွမ်းပို့လှေသရုပ်ပြသခြင်း၊ ကိန္နရီကိန္နရာအက၊ အင်းတိုင်းရင်းသား အက၊ တိုးနယားအက၊ အင်းပေါခုန်၊ ဟဲယာရွာမ ရေယဥ်အလှဖြင့် သရုပ်ပြသဖျော်ဖြေနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ ပွဲတော်လာ ဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြသည်။

ထို့နောက် အင်းလေးဖောင်ဦးရုပ်ရှင်တော်မြတ်စွာဘုရား (၄) ဆူပင့်ဆောင်လာသည့် ကရဝိက်ဖောင်တော်သည် ညောင်ရွှေမြို့ နန်းကပ်ချောင်းအတိုင်း အင်းလေးရိုးရာဆွဲလှေများဖြင့် ပင့်ဆောင်လာရာ ညောင်ရွှေမြို့ ဖောင်တော်ဆိုက်ပြာသာဒ်သို့ ဆိုက်ရောက်လာ၍ ကရဝိက်ဖောင်တော်ပေါ်မှ အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ပထမအဆူကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်ဝန်ကြီးများက ပင့်ဆောင်၍လည်းကောင်း၊ ဒုတိယအဆူကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းစစ်ဌာချုပ်မှအရာရှိကြီးများက ပင့်ဆောင်၍ လည်းကောင်း၊ တတိယအဆူကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပင့်ဆောင်၍ လည်းကောင်း၊ စတုတ္ထအဆူကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်မြို့နယ် ဌာဆိုင်ရာများက ပင့်ဆောင်၍လည်းကောင်း ညောင်ရွှေမြို့အတွင်းသို့ လှည့်လည်အပူဇော်ခံမည့် ဘော်ယာဥ်ပြာသာဒ်ပေါ်သို့ အသီးသီးပင့်ဆောင်ပူဇော်ပေးကြသည်။

ယင်းနောက် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော် မြတ်စွာဘုရားများ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခံနေစဥ် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲများကျင်းပရာ ကျောင်းသား(၂၆)တက် ဗိုလ်လုပွဲအဖြစ် အိုင်ထောင့်ကြီး(က)အသင်းနှင့် ကေလာ(က) အသင်းယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသား (၄၆) တက် အကြိုဗိုလ်လုပွဲအဖြစ် ဝမ်းဘဲအင်းအသင်းနှင့် ကေလာအသင်း၊ ရေသာကုန်း အသင်းနှင့် မိုင်းသောက်အင်းအသင်း ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသမီး(၂၆) တက် အကြိုဗိုလ်လုပွဲအဖြစ် အိုင်ထောင့်ကြီး(က)အသင်းနှင့် ကေလာ(က)အသင်း ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ အမျိုးသားရာကျော်လှေ အကြိုဗိုလ်လုပွဲအဖြစ် ရွှေပြည်သာ အသင်းနှင့် ကေလာအသင်း၊ ရွှေပြည်သာအောက်အသင်းနှင့် အိုင်ထောင့်ကြီး(က)အသင်း ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ တစ်ဦးချင်းဗိုလ်လုပွဲနှင့် အမျိုးသား (၄၆) တက်၊ အမျိုးသမီး(၂၆)တက်၊ အမျိုးသားရာကျော်လှေ ဗိုလ်လုပွဲယှဥ်ပြိုင်နေမှုများကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ပွဲတော်လာ ဧည့်ပရိသတ်များက လက်ခုတ်လက်ဝါးတီး၍ တစ်ခဲနက် ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ ဆွမ်းပို့လှေဆု၊ ယဥ်ကျေးမှုအကအဖွဲ့ဆု၊ လှေယာဥ်ဂုဏ်ပြုဆုများကို တာဝန်ရှိသူများကလည်းကောင်း၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲတွင် ဒုတိယဆုနှင့် ပထမဆုရရှိသော အသင်းများကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ကလည်းကောင်း၊ ကျောင်းသား (၂၆)တက် ပြိုင်ပွဲတွင်နှစ်သိမ့်ဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသည့် အသင်းများကို ပြည်နယ်ဝန်ကြီးများကလည်းကောင်း၊ အမျိုးသမီး (၂၆) တက် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးကလည်းကောင်း၊ ဒုတိယဆုနှင့် ပထမဆုရရှိသည့်အသင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက လည်းကောင်း၊ အမျိုးသား (၄၆) တက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးကလည်းကောင်း၊ ဒုတိယဆုနှင့် ပထမဆုရရှိသည့် အသင်းများကို ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသားရာကျော် လှေပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက လည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမျိုးသားရာကျော် လှေပြိုင်ပွဲတွင် ဒုတိယဆုနှင့် ပထမဆုရရှိသည့် အသင်းများကို ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားများ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခံပြီး  အဋ္ဌဒိသာဓမ္မဝိဟာရဒေသစာရီစံကျောင်းတော်သို့ ရောက်ရှိချိန်တွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်တို့က ညောင်ရွှေဌာန စံကျောင်းတော်ဝင် မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက မိုင်းသောက်ဆရာတော် ဘုရားကြီးထံ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်မြတ်များ နာယူကြည်ညိုကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရှိရသည်။

အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာ ဘုရားများသည် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်၌ သီတင်းကျွတ်လဆန်း ၇ ရက်၊ စက်တင်ဘာလ ၂၈ ရက်မှ သီတင်းကျွတ်လဆန်း ၉ ရက်၊ စက်တင်ဘာလ ၃၀ ရက်အထိ ၃ ရက်တိုင်တိုင် ကိန်းဝပ်ပူဇော်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)