မြစ်ကြီးနား စက်တင်ဘာ ၂၉
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀) ၌ စုပေါင်းသွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်အတွင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေဦးဆောင်သည့် ပြည်နယ်/ ခရိုင်/ မြို့နယ် အရာရှိ /အရာခံ/ အကြပ် ရဲတပ်ဖွဲ့ဝင် (၆၂)ဦးတို့အား ဆေးတပ်မှူးနှင့် ဆေးရုံဝန်ထမ်းများ၏ ကူညီမှုဖြင့် စုပေါင်းသွေးလှူဒါန်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ သွေးလှူဒါန်းပေးကြသည့် ရဲတပ်ဖွဲ့ဝင် (၆၂)ဦးတို့အတွက် ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်အစားအစာများကိုလည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့က ဆေးရုံအတွက် ငွေကျပ်သိန်း (၆၀)ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)