မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးက ကြီးမှူး၍ Viksit Bharat Run-2025 ၅ ကီလိုမီတာ အပြေးပြိုင်ပွဲ ကျင်းပ

အောင်မြေသာစံ စက်တင်ဘာ ၂၉

မန္တလေးမြို့အခြေစိုက်၊ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးက ကြီးမှူး၍ Viksit Bharat Run_2025 အထိမ်းအမှတ် ၅ ကီလိုမီတာ အပြေးပြိုင်ပွဲ အခမ်းအနားကို နန်းမြို့ရိုးနှင့် ကျုံးရေပြင်အကြား ရတနာပုံဥယျာဉ် ၁၉ လမ်းထိပ်တွင် စက်တင်ဘာလ၂၈ ရက်‌နေ့ နံနက် ၆ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E.Mr.Sundeep Kaushal တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ယောဂ နည်းပြဆရာကြီး ဦးလှညွန့်နှင့် သင်တန်းသား၊သင်တန်းသူများ၊ ဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ယောဂနည်းပြဆရာကြီးနှင့်အတူ ယောဂလေ့ကျင့်ခန်းများကို အတူတကွပြုလုပ်ကြသည်။

၄င်းနောက် ကောင်စစ်ဝန်ချုပ်က Viksit Bharat Run_2025 ၅ ကီလို မီတာအပြေးပြိုင်ပွဲအကြောင်းနှင့် ကျင်းပရခြင်းအား ပြောကြားပြီးနောက် အပြေးပြိုင်ပွဲအား စတင်တာလွှတ်ပေးခဲ့ရာ ပြိုင်ပွဲဝင်များက ကျုံးအတွင်း သတ်မှတ်ပြေးလမ်းအတိုင်း ဆင်နွှဲခဲ့ကြောင်းနှင့်အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)