နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ငလျင်ဘေးပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မရမ်းခုံကျေးရွာ၊ စိုက်ပျိုး၊စီးပွား အသိပညာပေးစင်တာ(KC)၌ ကျင်းပသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရေးအတွက် တောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။

ဦးစွာ ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မျိုး‌ကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေရေး၊ ကြဲပတ်စနစ်ပပျောက်စေရန် အစေ့ချစက် (seeder) ဖြင့် စိုက်ပျိုးစေရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ သီးနှံအထွက်တိုး‌စေရန် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုး‌စေရေး၊ တစ်နှစ်သုံးသီးထွက်ရှိစေရန် ရာသီပြည့်စိုက်ပျိုး‌စေ‌ရေး၊ ပလပ်မြေမရှိစေရန် ကွက်ပြည့်စိုက်ပျိုးထားရှိစေရေးတို့ကို မှာကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲ၊ သုံးစွဲနည်းနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သစ်စိမ်းမြေဩဇာမျိုးစေ့ (ပိုက်ဆံလျှော်) များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက သွင်းအားစု ဓာတ်မြေဩဇာများ၊ နေကြာမျိုးစေ့များ၊ လက်ဆွဲအစေ့ချစက်(seeder)စက်များကို လည်းကောင်း တောင်သူများထံပေးအပ်ပြီး တောင်သူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းသည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ မင်းထက်ပိုင် ဆန်စက်၏ စပါးကြိတ်ခွဲ လည်ပတ်ဆောင်ရွက်နေမှု အ‌ခြေအနေများနှင့် ကွင်းအမှတ်(၁၈၈၅) တောင်သူ ဦးထွန်း‌ဝေ၏ ပေါ်ဆန်းယဉ် ၆၅ ဧကစိုက်ပျိုးထားရှိမှုတို့အား ကြည့်ရှုအား‌ပေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရေး၊ ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်စေရန် အလေးထားဆောင်ရွက်စေရေး၊ အထွက်နှုန်းမြင့်မားပြီး ဒေသနှင့်ရာသီဥတုကိုက်ညီသည့် စပါးမျိုးများ‌ ရွေးချယ်စိုက်ပျိုး‌စေရေး၊ သဘာဝမြေဩဇာကို တိုးမြှင့်အသုံးပြုရေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် (၂၃၁၀၉)၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၃၃၂၆)၊ တိုက်အမှတ်(၃၃၂၇)နှင့် တိုက်အမှတ်(၃၃၃၅)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အဆောင်အဦများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အဆောက်အဦများ ပြန်လည်ပြုပြင်ရာတွင် ငလျင်ဒဏ်အပါအဝင် သဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိ‌စေရန် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော ဆောက်လုပ်ရေးပစ္စည်းများ ကိုသာ ရွေးချယ်အသုံးပြုရန်၊ လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ကာ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)