နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများ ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၂၉

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် သဲကျွန်းကျေးရွာနှင့် ဇလောင်း(မြောက်)ကျေးရွာအတွင်းရှိ စာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး  ဆောင်ရွက်နေမှုများအား ကြည့်ရှုအား‌ပေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာ “ပညာဗိမာန်” စာကြည့်တိုက်သို့ သွားရောက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပုံပြင်‌ပြော၊ ကဗျာရွတ်နှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများယှဉ်ပြိုင်‌နေမှုအား ကြည့်ရှုအား‌ပေးပြီး ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာကြည့်တိုက်တွင် ယခုလိုစာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာတတ်သူတိုင်း စာဖတ်နိုင်ကြစေရန် လက်လှမ်းမီသည့် ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ စာ‌အုပ်စာပေများကို လေ့လာဖတ်ရှုပြီး မှတ်သားကြရန်၊ မှတ်သားထားသည့် အသိပညာဗဟုသုတများကို မိမိကိုယ်တိုင်အသုံးချနိုင်သည့်အပြင် အခြားသူများကိုလည်း ပြန်လည်မျှဝေပေးနိုင်သည့်အတွက် စာဖတ်ခြင်းအလေ့အကျင့်စွဲမြဲအောင် အစပြုဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပုံပြင်ပြော၊ ကဗျာရွတ်နှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုလက်ဆောင်များ၊ ဆိုလာမီးသီးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် စာကြည့်တိုက်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံကာ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်၊ စာကြည့်တိုက် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ‌အမှိုက်ကင်းစင်စေရေး ပန်းအလှအပင်များစိုက်ပျိုးရန်နှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်နှင့် ဘက်စုံထူးချွန်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေး၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အမှား အမှန်  ဝေဖန်ပိုင်းခြားနိုင်သည့် အသိပညာနှင့် ပြည့်စုံ‌သော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ဇလောင်း(မြောက်)‌ ကျေးရွာ “ဉာဏသုခ” စာကြည့်တိုက် သို့သွားရောက်၍ ဟောပြောပွဲ၊ ပုံပြင်ပြော၊ ကဗျာရွတ်နှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအား‌ပေးပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် စာကြည့်တိုက်ရှင်သန်ခိုင်မာစေရေး ဉာဏပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုလက်ဆောင်များ၊ ဆိုလာမီးသီးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)