သုံးခွ စက်တင်ဘာ ၂၉
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အ.ထ.က (မြို့မ) ကျောင်းတွင် စက်တင်ဘာ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာကျော်ကိုကိုခိုင်က ခွေးရူးရောဂါသည် ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး (Rabies virus) ကူးစက်ခြင်းကြောင့်ဖြစ်သော ကြောက်စရာကောင်းသည့် ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေးနှင့် လင်းနို့များမှတစ်ဆင့် လူကိုကူးစက်ခြင်းဖြစ်ကြောင်း၊ ခွေးရူးပြန်ရောဂါရှိသော တိရစ္ဆာန်များကိုက်ခံရခြင်း (သို့မဟုတ်) ကုတ်ခံရခြင်းမှတစ်ဆင့် ကူးစက်ခံရပြီး ခွေးရူးပြန်ရောဂါဖြစ်လျှင် အသက်သေဆုံးနိုင်ခြေများကြောင်း၊ ခွေး၊ ကြောင်များကို အသိရှိရှိဖြင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းသည် မိမိနှင့် မိသားစုကိုသာမက လူအဖွဲ့အစည်းတစ်ခုလုံးကို ခွေးရူးရောဂါအန္တရာယ်မှ ကာကွယ်နိုင်ကြောင်း၊ လူတွင် ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရန်နည်းလမ်းများ၊ ခွေးရူးရောဂါမဖြစ်ပွားရန်ခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်းနှင့် ခွေးရူးပြန်ရောဂါနှင့် ပတ်သက်သောအကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ-ထ-က (မြို့မ) ကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၂၀၀ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)