စွယ်တော်မြတ် စေတီတော်(မန္တလေး)တွင်သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) ဆီမီး(၉၀၀၀) ပူဇော်ပွဲ၊ ဓမ္မစကြာဝတ်ရွတ်ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူ ပူဇော်ပွဲစည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးအစည်းအဝေးပြုလုပ်

အမရပူရ စက်တင်ဘာ ၂၉ 

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရှားတောလေးကျေးရွာအနီးရှိစွယ်တော်မြတ်စေတီတော်(မန္တလေး)တွင် (၅.၁၀.၂၀၂၅)တနင်္ဂနွေနေ့မှ (၆.၁၀.၂၀၂၅) တနင်္လာနေ့ထိ ကျင်းပပြုလုပ်မည့် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ဆီမီး(၉၀၀၀) ပူဇော်ပွဲ၊ ဝတ်ရွတ်ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲအခမ်းအနားကို စနစ်တကျစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ယာယီရုံးခန်း၌ကျင်းပခဲ့သည်။

ဘုရားပွဲတော်ကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ဘုရားဂေါပကဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပွဲတော်အတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ဂေါစရဂါမ်နယ်မြေရှိ ကျေးရွာအုပ်စု (၁၈)အုပ်စုမှ ရပ်မိရပ်ဖများအုပ်ချုပ်ရေးမှူးများ ပါဝင်စေ၍ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဘုရားပွဲတော်တွင် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ဆွမ်းတော်ကြီးကပ်လှူပွဲကို အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ဦးတို့ဖြင့် လှည့်လည်မည့် အစီအစဥ်ပါထည့်သွင်းထားကြောင်း ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူးဦးသန်းဇော်ထံမှ သိရသည်။

စိုးသီဟ(အမရ)