ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှစ၍ အမှတ် (၁၄) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် ထက်မကျော်သော ကျောင်းသူလေးများအား သက်ဆိုင်ရာ အတန်းအလိုက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စနစ်တကျ စတင်ထိုးနှံပေးလျက်ရှိရာ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများက လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက်အလိုက် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိရာ အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ကျန်ရှိသည့်ကျောင်းများတွင်လည်း သတ်မှတ်ထားသည့် အသက်အရွယ်အလိုက် ကာကွယ်ဆေးဆက်လက်ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝေယံ (ပြန်/ဆက်)