ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ ၂၅ ရက်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်ဝင် ပေါ်တော်မူ ကံ့ကော်တောဘုရားအား သွားရောက်ဖူးမြော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဘုရားကြီး သိမ်တော်ဘက်စုံပြုပြင် မွမ်းမံနိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကျေးရွာ၌ မိုးစပါးတစ်ဧက (ပန်းတိုင်)အထွက်နှုန်းရရှိရေး ဆင်းသွယ်လတ် စံပြစပါးစိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုကို သွားရောက်ကြည့်ရှုကြရာ ဒေသခံ တောင်သူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကြိုဆိုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဒေသခံတောင်သူများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တောင်သူများအား ဓာတ်မြေဩဇာများ ပေးအပ်ချီးမြှင့်ကြပြီး စံပြစိုက်ခင်းအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ ရောစပ်ကြဲပက်နေမှုကို ကြည့်ရှုအားပေး ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် kyauk phyu  INITIAL GAS STATION ကုမ္ပဏီသို့ သွားရောက်ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုကြရာ စီမံကိန်းရှင်းလင်းဆောင်၌ ကုမ္ပဏီမှတာဝန်ရှိသူများက သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေမှု၊ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိနေမှု၊ ဒေသတွင်း လူမှုစီးပွားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဆက်လက်ဆောင်ရွက် ပေးမည့်အခြေအနေများ စသည့်ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)ကျောင်းများသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေး၍ ကျောင်းသား၊ ကျောင်းသူများကို စားသောက်ဖွေရာများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှု အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အနေဖြင့် လူငယ်များ ကာယ၊ ဉာဏစွမ်းရည် မြင့်မားစေရန်၊ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် အပါအဝင်လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်က တန်ဖိုးထားရသော အနာဂတ်သားကောင်း ရတနာများ၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ၊ ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်လာအောင် ကြိုးစားသင်ယူကြရန် ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေး(မူလွန်)ကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျောက်ဖြူအထူး စီးပွားရေးဇုန် တိုးတက်တည်ဆောက်ရေးစီမံကိန်းမှ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက် သည့် ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်းဖွင့်လှစ်ကာ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ဆရာဝန်၊ သူနာပြုများနှင့် လူမှုအဖွဲ့အစည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ဆက်လက်၍ ဘုန်းတော်ကြီးသင် ပညာရေး(မူလွန်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွေရာများ ပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို သွားရောက်ကြည့်ရှုကြရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက မဲပေးစက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများနှင့် (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များမှပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးနေမှုကို လှည့်လည်ကြည့်ရှုကြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး လက်တွေ့စမ်းသပ်မဲပေးရန် ရောက်ရှိလာကြသော ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ နယ်မြေခံတပ်ရင်း၌ အရာရှိစစ်သည်များ၊ တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏မိသားစုဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် စားသောက်ဖွေရာများအားပေးအပ်ကြပြီး တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း