ဒေါပုံ စက်တင်ဘာ ၂၈
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်နှင့်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်က အဖွင့်အမှာစကားပြောကြားရာ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များကိုတိကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၉ ရက်တွင် မဲစာရင်းများကို ပထမအကြိမ်ကပ်ထားကြေညာမည်ဖြစ်ရာ ရပ်ကွက်အလိုက် မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုနိုင်ကြောင်းသိရှိနိုင်ရန် နှိုးဆော်ပေးရမည် ဖြစ်ကြောင်း၊ ပြည်သူများမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရန် မှတ်ပုံတင်ပျောက်ဆုံးနေသူများအား ပြည်သူ့အင်အားနှင့်လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုစည်းတင်ပြရန်လိုကြောင်း ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်း၀င်းစိန်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်တင့်တင့်ထွန်းတို့က မဲစာရင်းကြေညာရာတွင် သတိပြု လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပြန်လည်တင်ပြရမည့်ပုံစံများ ဖြည့်သွင်းမှု မှန်ကန်စေရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအတွင်းရေးမှူးရဲမှူးသိန်းဇော်လှိုင်က မဲရုံများတွင်လုံခြုံရေးအစီအမံများ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက် ၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများဆွေးနွေးခဲ့ကြပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)