ချမ်းမြသာစည် စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မဲစာရင်းဆိုင်ရာလုပ်ငန်းစဥ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရန်အတွက် မြေပြင်ရှိ မဲပေးရမည့် မဲဆန္ဒရှင်လူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရန်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် မဲစာရင်း၊ လူဦးရေစာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များ ကပ်သွားမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိနိုင်ရေး အသိပေးကြေညာ နှိုးဆော်မှုများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ကြရေးတို့ကို အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသက်ဆွေဦးက ကြိုတင်မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသော မြို့နယ်နှင့် ရပ်ကွက်များမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးထွန်းဇံဖြူ၊ အဖွဲ့ဝင်(၂) ဦးတင်ထွန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုသန်း၊ဌာနဆိုင်ရာများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးသက်ဆွေဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးလွင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ချမ်းမြေ့ (ချမ်း/စည်)