တိုက်ကြီး စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ်မဲစာရင်းများ ကြေညာနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက မဲစာရင်းများမှန်ကန်စေရေးနှင့် မကျန်ရှိစေရေး အလေးထားဆောင်ရွက်ရန်၊ မဲစာရင်းများကို တိုက်ဆိုင်စစ်ဆေး ရန်နှင့်အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်စုမွန်အောင်က ပထမအကြိမ် မဲစာရင်းများကြေညာနိုင်ရေး မဲစာရင်းပုံစံများ ထုတ်ပေးမည်ဖြစ်ရာ သတ်မှတ်ရက်များအတွင်း ကပ်ထားနိုင်ရေး၊ မဲစာရင်းကပ်ထားသည့်နေ့ရက်များ၌ ကြည့်ရှုသူဦးရေ၊ ပုံစံ(၃)၊ ပုံစံ(၄) လျှောက်ထားသူများကို နေ့စဉ်တင်ပြ ရေးနှင့်၊ နေရပ်စွန့်ခွာပြည်သူများ ဆန္ဒမဲပေးနိုင်ရေး အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူးများကသိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက ရွေးကောက်ပွဲလုပ်ငန်းစဉ် ကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး မဲစာရင်းများကို ရပ်ကွက်/ကျေးရွာများအလိုက် အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)