ငါန်းဇွန် စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အမှတ်(၃)ရပ်ကွက် ရွှေရပ်သာမြတ်စွာဘုရားဝင်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်းတော်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်စိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေရေးရာကိစ္စများ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဇာလင်းက မဲပေး စက်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာသော အမှတ်(၃)ရပ်ကွက်နေပြည်သူများက ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထို့အတူ အမှတ်(၄)ရပ်ကွက် လောကချမ်းသာဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများအားလည်းကောင်း၊ ငါန်းဇွန်မြို့အခြေခံပညာအထက် တန်းကျောင်း အောင်ဆန်းခန်းမ၌ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် အတန်းအလိုက်ဆရာ ဆရာမများအား လည်းကောင်း မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)