ကော့မှူး စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနံက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များအနေဖြင့် မဲစာရင်းကပ်ထားကြေညာနိုင်ရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ တောင်းဆိုလွှာနှင့် ကန့်ကွက်လွှာများအားဥပဒေ၊ နည်းဥပဒေများနှင့်အညီ လက်ခံခြင်း၊ စီစစ်ဆောင်ရွက်ခြင်းများအား နေ့ရက်အလိုက်ဆောင်ရွက်မည့်အစီအမံများရေးဆွဲ၍ စနစ်တကျဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကော်မရှင်အရာရှိ ဦးကျော်ဇင်ထက်က ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်းကောက်ယူထားသည့် လူဦးရေမဲစာရင်းကြေညာမည့်အခြေအနေများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များက သိရှိလိုသောအချက်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)