ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြို့လုံးကျွတ်ဝါတွင်းကာလအရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ ၂၈

ဗုဒ္ဓသာသနာတော် ထာဝစဉ်အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းကိစ္စများအဆင်ပြေစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မြို့လုံးကျွတ်ဝါတွင်းကာလဒွါဒသမတန်းအပတ်အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီအချိန်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမ္မာန်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

စုပေါင်းအရုဏ်ဆွမ်းလောင်းလှူပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်း၊ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စေတနာသဒ္ဓါတရားထက်သန်စွာ စုပေါင်းလောင်းလှူ ကုသိုလ်ယူခဲ့ကြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးတို့က ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ ဆွမ်းလောင်းလှူနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့လုံးကျွတ်အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း(၁၀၆)ကျောင်းမှ သံဃာတော်အပါး (၁၀၈၀)တို့အား စေတနာရှင်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ် ဝတ္ထု အစုစုတို့ကို စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် စုပေါင်းလောင်းလှူခဲ့ကြခြင်းဖြစ်ပြီး၊ အရုဏ်ဆွမ်းလောင်းလှူပွဲများကို ဝါတွင်းကာလအတွင်း အပတ်စဉ် အဖိတ်နေ့များတွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)