ယခုနှစ်ပေါင်မြို့နယ်ဒေသထွက်ရာသီစာ ကျွဲကောသီးများစျေးကောင်းရရှိ

ပေါင် စက်တင်ဘာ ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသထွက်ရာသီစာ ကျွဲ‌ကောသီးများ ယခုနှစ်ပေါ်ဦးပေါ်ဖျားချိန်ကတည်းက စျေးကောင်းရရှိနေတာကြောင့် ခြံပိုင်ရှင်များ အဆင်ပြေကြတယ်လို့ အရောင်းဒိုင်များထံမှ သိရသည်။

ယခုနှစ် စက်တင်ဘာလအစောပိုင်းကတည်းက စတင်ခူးဆွတ်ရောင်းချနေသည့် ပေါင်မြို့နယ်ထွက် ဓာတ်စာကျွဲကောသီးများမှာ စျေးကွက်အတွင်း ဝယ်ယူစားသုံးသူများပြားနေတာကြောင့် စတင်ခူးဆွတ်ချိန်မှယနေ့အထိ စျေးကောင်းရရှိနေဆဲဖြစ်တယ်လို့ ပေါင်မြို့နယ်မှ ကျွဲကောသီး ရောင်းဝယ်ရေးဒိုင်တစ်ဦးက ပြောသည်။

“ဒီနှစ်စခူးတဲ့အချိန်ကတည်းက စျေးကောင်းရတယ်၊ အခုချိန်ထိလို့ပြောလို့ရတယ်၊ စျေးကွက် မှာလည်း အရောင်းအဝယ်ရှိတော့ ဒီဘက်ဒေသထွက်ကျွဲကောသီး ရသလောက်ပွဲရုံက ယူနေတယ်။ ဒီနှစ်က ခြံပိုင်ရှင်တွေအတွက် အဆင်ပြေတဲ့နှစ်လို့ပဲ ပြောရမယ်။”ဟု ၎င်းက ပြောသည်။

ယခုနှစ် ကျွဲကောသီးပေါ်ဦးပေါ်ဖျားချိန် အလုံးကြီးတစ်လုံးကို ငွေကျပ် (၆၀၀၀) ဝန်းကျင်ခန့်နှင့် ပုံမှန်အလုံးတစ်လုံးကို (၅၀၀၀) ကျပ်ခန့် စျေးကွက်အတွင်းပေါက်စျေးရှိခဲ့ပြီး လက်ရှိစျေးမှာ (၄၀၀၀) ကျပ် ဝန်းကျင်ခန့်သာ လျော့ကျသွားတယ်လို့ ၎င်းကဆက်ပြောသည်။

ရာသီစာကျွဲ‌ကောသီးကို မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စိုက်ပျိုးကြပြီး ထွက်ရှိသော ကျွဲကောသီးများကို ဒေသတွင်းစားသုံးရောင်းချမှုများအပြင် အလုံး(၅ဝ)ပါ နှီးခြင်းများဖြင့် ထုတ်ပိုးကာ ရန်ကုန်ပွဲရုံနှင့်မန္တလေးတို့ကို အဓိကတင်ပို့ရောင်းချကြောင်း ပေါင်မြို့နယ်အရောင်း ဒိုင်များမှ သိရသည်။

ဒေသထွက်ကျွဲကောသီးကို အဖြူသီးနှင့်ပန်းရောင်သီးဟုဒေသအတွင်း ခွဲခြားထားပြီး နှစ်မျိုးစလုံး အရသာချိုပြီး စျေးနှုန်းအတူတူပင်ဖြစ်ကြောင်း ကျွဲကောခြံပိုင်ရှင်များထံမှ သိရသည်။

ကျွဲကောသီးကို လူမျိုးမရွေး ဘာသာမရွေး စားသုံးနိုင်ပြီး သွေးလည်ပတ်မှုကောင်းခြင်း၊ အိပ်ပျော်ခြင်း၊ သွေးကျဲခြင်း၊ လည်ပင်နာခြင်းစသည့်အပြင် ဆီးချိုရောဂါသည်များအတွက် အကောင်းဆုံးဓာတ်စာသီးနှံဖြစ်၍ လူတိုင်းစားသုံးရန် သင့်‌တော်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)