တန့်ယန်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်းမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးသစ်ထွန်းတို့က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအကြောင်း ရှင်းလင်းပြီး တာဝန်ရှိဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရပ်/ကျေး စာရေးဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်းမျိုးထွန်းက လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)