သထုံ စက်တင်ဘာ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများစုပေါင်း၍ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများ၌ သီတင်းသုံးနေထိုင်ကြသော ပရိယတ္တိဝန်ဆောင် သံဃာတော်အရှင်မြတ်တို့ထံ ပရိယတ္တိဓမ္မပူဇာ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မလှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံမြို့ သဒ္ဒမဇောတိကာရာမကျောင်းတိုက်ပဓာနနာယက၊ နိုင်ငံတော်သံဃာ့မဟာနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘန္ဒန္တ သုမနာဘိဝံသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြပြီး သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်နိုင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ တက်ရောက်လာသူများက ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး တက်ရောက်လာသူတို့က သထုံမြို့ သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာတရားများနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပရိယတ္တိပူဇာအဖြစ် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့နှင့် ဌာနဆိုင်ရာများ၊ ဆန်ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များ၊ ဆီလုပ်ငန်းရှင်အသင်းမှ ကိုယ်စားလှယ်များ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ သထုံမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ပေါင်း (၃၉)ကျောင်းတို့အတွက် တန်ဖိုးငွေကျပ် စုစုပေါင်း (၁၀၄၂၄၀၀၀)ရှိ ဆွမ်းဆန်၊ ဆီနှင့် နဝကမ္မအလှူငွေတို့ကို ဆပ်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)