တာချီလိတ်မြို့၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေး

တာချီလိတ် စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းထွဋ်ဦး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းဆရာ/ ဆရာမများပူးပေါင်း၍ အ.ထ.က(တာချီလိတ်)နှင့် အ.လ.က(ခွဲ)တာလော့ကျောင်းတို့မှ အသက်ငါးနှစ်ပြည့်ပြီး အသက်ခုနစ်နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူ ၁၆၉ ဦးအား ဆုံဆို့-မေးခိုင် ရောဂါကာကွယ်ဆေးနှင့် အသက်ကိုးနှစ်ပြည့်ပြီး ဆယ်နှစ်မကျော်သော ကျောင်းသူ ၁၀၅ ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးများကို တာချီလိတ်မြို့နယ်အတွင်း ကျန်ရှိနေသည့် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)