ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းကြေညာခြင်းအတွက် မဲစာရင်း (၃)စုံထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

ဟိုပုံး စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းကြေညာခြင်းအတွက် မဲစာရင်း(၃)စုံထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက အဖွင့်အမှာစကားပြောကြားရာတွင် မဲစာရင်းမှန်ကန်စေရေးအတွက် မဲစာရင်းများထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ မဲစာရင်းများ သေချာကပ်ထားနိုင်ရန်နှင့် မဲရုံများစနစ်တကျပြင်ဆင်ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေမှူး ဦးအောင်ကျော်သူက မဲစာရင်းကပ်ထားခြင်းနှင့်ပတ်သက်၍ အကြောင်းအရာများကိုလည်းကောင်း၊ မြန်မာအီလက်ထေရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းနှင့်ပတ်သက်၍ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခွန်စိန်သန်းက မဲစာရင်း(၃)စုံအား ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဘဝင်းက မဲစာရင်း(၃)စုံအား တိလုံကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)