အလုံ စက်တင်ဘာ ၁၁
အလုံမြို့နယ်၌ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များသို့ကွင်းဆင်း၍ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စောရန်ပိုင်အရှေ့ရပ်ကွက်၊ ဗဟိုအမျိုးသမီးဆေးရုံမျက်နှာစာ၊ အလုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လမ်းဘေးစျေးဆိုင်များရှိ စျေးရောင်းချသူများအား Checklist ဖြင့်စစ်ဆေးခြင်း၊ မိုးရာသီတွင်အဖြစ်များသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းနှင့် သန့်လေးသန့်နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ သုံးရေများအား ကလိုရင်းဆေးခတ်ခြင်း၊ သောက်ရေများတွင် ရေသန့်ဆေးပြားများ ထည့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာသို့ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးသန်းနိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဌာန (မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး)၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (မြို့နယ်ပြန်/ဆက်)