တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ စာပေစကားဝိုင်း ပြုလုပ်

တာချီလိတ် စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းက ကြီးမှူး၍ “သံလွင်ချယ်ရီ စာပန်းချီ” စကားဝိုင်းကို ကဗျာကဏ္ဍ ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း နာယက ဦးစိုးစိုး (သုတစိုး-နေ့သစ်)က စာပေစကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အသင်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ စာပေဗိမာန် စာမူဆု ကဗျာပေါင်းချုပ် ဒုတိယဆုရ ဆရာမ ဒေါ်မိုးသန္တာ (ရွှန်းညှိ-တာချီလိတ်)က ကဗျာရသဖွဲ့စည်းမှု၊ ကဗျာရေးဖွဲ့မှု၊ စာပေဗိမာန် စာမူဆုရရှိမှု အခြေအနေနှင့် ကိုယ်တိုင်ရေးစပ်ကဗျာတစ်ပုဒ်အား ရွတ်ဆိုခဲ့ပြီး အသင်းနာယက ဦးစိုးဝင်းတင့် (စိုင်းမောင်-တောင်ကြီး)က ကဗျာရသရေးဖွဲ့မှုများကို  ဆွေးနွေးပြောကြားကာ တက်ရောက်လာသူများက ကဗျာရေးဖွဲ့မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးလှဌေး (ဝေယံလင်း)က အသင်းမှ စာပေအသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)